Pages

Translate

Friday, June 28, 2013

မီဒီယာ ဝဘ်ဆိုဒ်တစ်ခု ထောင်မယ်ဆိုရင်




မီဒီယာ ဝဘ်ဆိုဒ်တစ်ခု ထောင်မယ်ဆိုရင်


E commerce ခေါင်းစဉ်အောက်ထဲမှာ တစ်ခုအနေနဲ့ အကြုံးဝင်မှာပါ။ E Media Business, E Community Business ခေါင်းစဉ်အောက်ထဲမှာ အကြုံးဝင်မှာပါ။ မြန်မာပြည်မှာလည်း ကိုယ်တိုင်ဖန်တီးလို့ အဘက်ဘက် က အောင်မြင်နေကြပါပြီ။ မြန်မာဘာသာနဲ့ ရေးသားထားတဲ့ ဝဘ်ဆိုဒ်တွေ၊ ဘလောဂ်တွေကို စာရင်းစုလိုက်ရင် ထောင်ပေါင်းများစွာ ရှိမယ်ထင်ပါတယ်။ သို့ပေမယ့် တကယ်လူသိများတာကတော့ အနည်းစုပါ။ နိုင်ငံခြားမှာဆိုရင် Log in အကောင့်ဝယ်မှ ဝင်ကြည့်ခွင့်ရှိမယ့် သတင်းပုံစံမျိုးတွေ လုပ်ပါတယ်။ ဒီတော့ Data ရောင်းတဲ့ Commerce တစ်ခုပုံစံလည်း ပေါက်ပါတယ်။ ကဲ ကျနော်တို့ အကျယ်တစ်ဝင့် ဆွေးနွေးရအောင်။ 


ဘယ်လို မီဒီယာ အမျိုးအစားလဲ

အွန်လိုင်းမီဒီယာတော့ မီဒီယာပဲ။ သို့ပေမယ့် သူက အမျိုးအစား များစွာ ရှိတယ်။ ပြည်တွင်း၊ပြည်ပ သတင်းစုံ မီဒီယာ၊ နည်းပညာ သီးသန့်မီဒီယာ၊ ဖျော်ဖြေရေးမီဒီယာ၊ စီးပွားရေး သတင်းမီဒီယာ၊ နိုင်ငံရေး သတင်းမီဒီယာ အစရှိသဖြင့် အမျိုးအစားခွဲရင် မကုန်နိုင်ပါဘူး။ ဒီတော့ ကိုယ်လုပ်ချင်တဲ့ မီဒီယာ အမျိုးအစားကို ခွဲခွဲခြားခြား သိဖို့ လိုပါတယ်။ 


ဘယ်လို ဝဘ်ဆိုဒ်လိပ်စာ အမည်ပေးမလဲ

ဒါအရေးအကြီးဆုံးတည်းက တစ်ချက်ပါ။ URL name/ domain name တစ်ခု Unique ဖြစ်အောင်ရွေးချယ်ဖို့ လိုအပ်ပါတယ်။ မြန်မာပြည်အတွက်ပဲ Target ဆိုရင် မြန်မာတွေနားလည်လွယ်မယ့် အမည်တွေ ပေးလို့ရမယ်လေ။ ဥပမာ ရွှေကို Golden မသုံးပဲ Shwe လို့အစားထိုးသုံး သလိုပေါ့။ နောက် ပိုင်း နိုင်ငံတကာ အထိ ထိုးဖောက်ဖို့ ရည်ရွယ်တယ် ဆိုရင်တော့ နိုင်ငံ တကာအနေနဲ့ပါ မှတ်လို့လွယ်မယ့် အမည်အမျိုးအစား ပေးဖို့ လိုပါမယ်။ ဥပမာ cnn.com, bbc.co.uk, nhk, nytimes, cnet အစရှိ သဖြင့် နိုင်ငံတကာက အောင်မြင်နေတဲ့ ဝဘ်ဆိုဒ်တွေကို ကြည့်လိုက်ရင် သူတို့ ပေးတဲ့ အမည်တွေက အင်မတန် မှတ်ရလွယ်တာ တွေ့ရပါတယ်။ 


ဘယ် ဒိုမိန်းသုံးမလဲ

ဒီမှာ Level ထပ်ခွဲရပါတော့မယ်။ ငွေရှိသူနဲ့ ငွေမရှိသူပေါ့။ ငွေမရှိသူအတွက် အရင်ပြောပါမယ်။ အားငယ်စရာ မလိုပါဘူး။ ငွေမရှိလဲ ဝဘ်ဆိုဒ်တစ်ခု အလွယ်တကူ လုပ်လို့ရပါတယ်။ Blogspot နဲ့ Word Press ကိုသုံးပါ။ နောက်မှာ Name တစ်ခုဝယ်ပြီး .com / .net. / .org အစရှိသဖြင့် မြန်မာငွေ တစ်သောင်း ဝန်းကျင်နဲ့ ဝယ်နိုင်ပါတယ်။ Web Server ကတော့ မူရင်းဖြန့်ချိပေးတဲ့ Google, Word Press တို့လို ဟာက ပေးတဲ့ Free service ပေါ့။ နောက်ပိုင်း ကိုယ်က ငွေရှိလာပြီဆိုမှ အချက်အလက်တွေလည်း Back up လုပ်ချင်တယ်။ သေချာ စနစ်တကျ ခွဲချင်တယ်။ ကိုယ်တိုင်သိမ်းချင်တယ်ဆိုရင် ငွေပေးရတဲ့ Hosting၊ ဆာဗာများကို အသုံးပြု နိုင်ပါတယ်။ ဈေးအသက်သာ ဆုံး မြန်မာငွေ သောင်းဂဏန်းကနေ ခပ်များများ သိန်းဂဏန်းအထိ အစားစား ရှိပါတယ်။ ဒီအတွက် ငွေနိုင်သလောက် တစ်ဆင့်ချင်း သွားနိုင်ပါတယ်။ 

ငွေရှိသူများအတွက်ကတော့ အဆင်ပြေပါတယ်။ ကိုယ်ပိုင် Web Hosting, Server နဲ့ Run လို့ကောင်းမှာပါ။ ကိုယ်ပိုင်ဆိုပေမယ့် ကိုယ့်မှာလည်း ရှိချင်မှ ရှိမှာပေါ့။ ကြားမှ တစ်ဆင့်ဝန်ဆောင်မှုပေးတဲ့ service provider တွေဆီ ကနေ ဝယ်ယူနိုင်ပါတယ်။ အများစုကတော့ အနောက်တိုင်း Base Hosing နဲ့ Server ကိုလှမ်းချိတ်တဲ့ Service provider များဖြစ်ပြီး Unlimited လား၊ 1GB လား၊ 2GB လား အစရှိသဖြင့် အမျိုးမျိုးကွဲ ပါသေးတယ်။ လူဦးရေ ဘယ်နှစ်ယောက်ဝင်ကြည့်ပြီးရင် Site Down ဖြစ်သွားတယ်ဆိုတာက အစ ကိုယ်ဝယ်တဲ့ ပမာဏ အပေါ် မူတည်ပါတယ်။ ဒါကို မဝယ်ခင်ကတည်း က သေချာလေ့လာရပါမယ်။ connection stable ဖြစ်လား၊ Security စိတ်ချရလား၊ Back up plan ရှိလား အစရှိသဖြင့်ပေါ့။ 

ဘယ် Web Programming Language/ Application သုံးမလဲ
ငွေမရှိသူများ အခမဲ့ရတဲ့ Blog တွေ၊ word press တွေသုံးရင်တော့ သူတို့ပေးတဲ့ simple feature များနဲ့ လုံလောက်ပါတယ်။ သုံးရတာ လွယ်ကူပါတယ်။ ခေါင်းရှုပ်စရာလည်း မရှိတော့ဘူး။ အဆင်ပြေ ပါတယ်။ ငွေရှိသူများ ကိုယ်ပိုင် ဆာဗာ၊ Hosting နဲ့ လုပ်ပြီဆိုတော့ သုံးမယ့် Language လည်းရွေးပြီလေ။ အဓိကရည်ရွယ်ချက်က Front end မှာလှနေဖို့နဲ့ Backend က Operator/ User များအတွက် သုံးဖို့ လွယ်ကူအဆင်ပြေဖို့ ဖြစ်ပါတယ်။ ဒီတော့ မြန်မာပြည်မှာ အများစုက Joomla, PHP, .Net, C++ အစရှိသဖြင့် အသုံးပြုကြပါတယ်။ Language က PHP ဖြစ်ပေမယ့် Web application ကတော့ Joomla ဖြစ်ချင်ဖြစ်မယ်။ Word Press ဖြစ်ချင်ဖြစ်မယ်။ ရောချင်ရောထားမယ်။ အစရှိ သဖြင့်ပေါ့။ နောက်မှာ သတင်းတင်ပေး၊ ရေးပေးမယ့်သူက Web application များနဲ့သာ ထိတွေ့ရပြီ ဒါကို သုံးဖို့လွယ်ကူအောင် အဆင်ပြေအောင် Web Developer များက support လုပ်ပေး မှာ ဖြစ်ပါတယ်။ Language ရွေးရတဲ့ အကြောင်းက UI ကြောင့်ပါ။ ဥပမာ Joomla က Word Press နဲ့စာရင် သုံးရတာ နည်းနည်းပိုရှုပ်တယ်။ ဘာလို့လဲဆို သူက ပိုပြီး Feature စုံလို့ပါ။ Content ခွဲတာက အစ သူက ပိုစုံလင်ပါတယ်။ 


Web Design ရွေးမယ်

အဓိကကတော့ Template ပေါ့။ မြင်ရုံနဲ့ စွဲဆောင်နေမယ့် Template အမျိုးအစားပေါ့။ သတင်းမီဒီယာ တွေ သုံးတဲ့ template က သူ့လိုင်းနဲ့ သူရှိပါတယ်။ အရောင်လည်း ရွေးရအုံးမယ်။ CNN ဆိုရင် အနီရောင် ပြေးမြင်မိပါတယ်။ New York Time ဆိုရင် အဖြူရောင် ကို မြင်ပါတယ်။ ဒီလိုပေါ့ မီဒီယာ တစ်ခုတိုင်း မှာ တွေးကြည့် လိုက်တာနဲ့ မြင်နေရမယ့် အရောင်က ရှိကိုရှိရပါမယ်။ ဒါကလည်း အရေးကြီးပါတယ်။ စတိုင်တွေ၊ ပုံစံတွေသာ ပြောင်းသွားမယ့် အမည်နဲ့ အရောင်က က တစ်သီးတစ်သန့် ရှိနေရမှာ ဖြစ်ပါတယ်။ Web Design ကိုယ်တိုင် သီးသန့်ဆွဲပြီး သုံးတာမျိုး မြန်မာပြည်မှာ နည်းပါတယ်။ အများစုက အလကားရတဲ့ Template ကို ယူသုံးပြီး လိုသလို Edit လုပ်ကြတာပါ။ သို့ပေမယ့် အချို့ လည်း အပင်ပန်းခံပြီး ကိုယ်ပိုင် ပုံစံဖြစ်အောင် ဖန်တီးပါတယ်။ ဒါကလည်း ပုံသေ ဖြစ်မနေရပါဘူး။ ၆ လဆိုလည်း ၆ လ၊ တစ်နှစ်ဆိုလည်း တစ်နှစ် အချိန်နဲ့ ခေတ် အလိုက် ပြောင်းလဲမှု ရှိနေရပါမယ်။ 


ဘာသာစကား/ Font ရွေးမယ်

မြန်မာအတွက်ရည်ရွယ်တော့ မြန်မာစာပေါ့။ မြန်မာစာမှာတောင် ဘယ် Font သုံးမလဲဆိုတာ စဉ်းစားစရာ ဖြစ်သွားပါပြီ။ အကြမ်းဖျဉ်းကတော့ ယူနီကုဒ် နဲ့ ဇော်ဂျီပေါ့။ ယူနီကုဒ် မိသားစုထဲက Font တွေကိုလည်း သုံးသလို၊ ဇော်ဂျီ ကိုလည်း သုံးကြပါတယ်။ အများစု အသုံးပြုနေကြတာကတော့ ဇော်ဂျီပါ။ သို့ပေမယ့် ယူနီကုဒ်ကိုလည်း သုံးနေကြပါပြီ။ ကမ္ဘာက အသိအမှတ်ပြု တာက ယူနီကုဒ်ပါတဲ့။ ဒီတော့ ယူနီကုဒ်လုပ်ပြီး တင်တော့ Windows 7 အထိ အသုံးပြုလျက် ရှိဆဲလူက ယူနီကုဒ်သာ မသွင်းရင် သူဖတ်လို့ရစရာ အကြောင်း မရှိပါဘူး။ ဒါကြောင့် ယနေ့အထိ ဒီအတွက် ရွေး စရာ ဖြစ်နေ ဆဲ ဖြစ်ပါတယ်။ အချို့ ကတော့ ခေါင်းအစား မခံတော့ပါဘူး။ နည်းပညာ အသုံးပြုလို့ font တွေကို Embeded လုပ်လိုက်ပါတယ်။ ကွန်ပြူတာထဲမှာ font ရှိရှိ မရှိရှိ ဖတ်လို့ရအောင် လုပ်တာ ဖြစ်ပြီး အားနည်းချက်ကတော့ Loading time ကြာမြင့်ခြင်း ဖြစ်ပါတယ်။ မြန်မာပြည်လို အင်တာနက် လိုင်းနှေးတဲ့နေရာမှာ ယင်းက အခက်အခဲ တစ်ခု ဖြစ်ပါ တယ်။ နောက်တစ် နည်း ဖြေရှင်းမှုကတော့ Font နှစ်မျိုးစလုံး အသုံးပြုခြင်း ဖြစ်ပါတယ်။ ဒါက ပိုတောင် အဆင်ပြေပါတယ်။ ကိုယ်ကြိုက်ရာ font ကိုလိုသလို user ကရွေးချယ်ပြီး ဖတ်ရုံပဲ ဖြစ်ပါတယ်။ ဒီအတွက်လည်း Web developer များက တာဝန်ယူပေးရမှာပါ။ 


Update တင်မယ်

ဝဘ်ဆိုဒ်တစ်ခုအရေးအကြီးဆုံးအချက်က Update ပါပဲ။ မြန်မာပြည်မှာ အွန်လိုင်းမီဒီယာ တစ်ခုပြီး တစ်ခု ပေါ်လိုက် ပျောက်လိုက်ဖြစ်ရတဲ့ အကြောင်းအရင်းက Update ဆက်တိုက် မတင်နိုင်မှုပါ။ ကောက်ရိုးမီးလိုပဲ ယနေ့ ပေါ်ပြီး နောက်လလောက်ဝင်ကြည့်လိုက်ရင် ဒီတိုင်း သေနေတဲ့ ဝဘ်ဆိုဒ်တွေ အများကြီးပါ။ ဒီတော့ User Traffic လည်းမတက်၊ မီဒီယာ ကလည်း ဒီတိုင်း ဆက်ပြီးတော့ သေနေပါတယ်။ ဒါကြောင့် Update တင်ပေးမှုကလည်း အရေးကြီးပါတယ်။ Update မှာ သတင်းဖြစ်ချင်ဖြစ်မယ်။ ဓာတ်ပုံဖြစ်ချင်ဖြစ်မယ်။ ဗီဒီယိုလည်း ဖြစ်ချင်ဖြစ်မယ်။ အစရှိသဖြင့် အမျိုးမျိုးကွဲနိုင်ပါတယ်။ 


စီးပွားရှာမယ်

ဒီတစ်ချက် မလုပ်နိုင်တာကြောင့်ပဲ မြန်မာပြည်မှာ Blog တွေ၊ ဆိုဒ်တွေ တော်တော်များများ ကောက်ရိုးမီးလို ခဏပဲ တောက်ခဲ့ကြ တာ ဖြစ်ပါတယ်။ ဒါကြောင့် စီးပွားရှာဖို့က စဉ်းစားရတော့မယ်။ လက်ရှိ အနေအထားရ ခက်ခဲနေပါသေးတယ်။ သို့ပေမယ့် ဖြစ်အောင်တော့ လုပ်ရမှာ ကိုယ့်တာဝန် ဖြစ်ပါတယ်။ Banner ရှာမယ်။ Banner ကြော်ငြာလေးတွေ လေးထောင့်တစ်ကွက်ဘယ်လောက်နဲ့ ရောင်းတာမျိုးပါ။ မြန်မာပြည်မှာ သောင်းဂဏန်းပဲ ပေါက်ဈေးရှိပါတယ်။ Blog တွေဖန်တီးသူများကတော့ Banner ကိုယ်တိုင်မရှာတော့ ဘူး။ ပြည်တွင်းက Advertising Agent တွေက တစ်ဆင့်သွားပြီး ကြော်ငြာ တာမျိုးပေါ့။ ရတဲ့ငွေကတော့ နည်းနေပါတယ်။ Google Ads က မြန်မာပြည် မှာ မရသေးပါဘူး။ User Traffic Datagram ကိုကြည့်ပြီး ကြော်ငြာခ တစ်ဖြည်းဖြည်း ဆပွားတတ်တဲ့ ဝန်ဆောင်မှုပေါ့။ ဒါကြောင့် နိုင်ငံတကာမှာ ဝဘ်ဆိုဒ်တွေ၊ ဘလောဂ်တွေ အသက်ဆက်နေနိုင်တာ ဖြစ် ပါတယ်။ မြန်မာပြည်က Ban ထားတဲ့အထဲမှာ ပါနေဆဲ ဖြစ်တဲ့အတွက် Google Ads က အကောင့်တောင် ဖွင့်လို့မရပါဘူး။ အခြားသော Ads Server ပေးတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေလည်း ရှိပါသေးတယ်။ သို့ပေမယ့် နောက်တော့ ရလာမှာပါ။ လက်ရှိကတော့ ဖြစ်နိုင်တဲ့ နည်းလမ်းနဲ့ စီးပွားရှာထားပြီး Global Ads Agent တွေကို စောင့်မျှော်နိုင်ပါတယ်။ 


အနှစ်ချုပ်

အမှန်တော့ မီဒီယာဝဘ်ဆိုဒ်တစ်ခုလုပ်ဖို့အတွက် ပြောစရာအချက်တွေက အများကြီးပါ။ Privacy Policy, Copy right, Security, Online Marketing, Logo, Title, Slogan, Traffic တက်ရန် ကြိုးပမ်းခြင်း၊ Site တွင် forum ကဲ့သို့ တွဲဆက်၍ Community ဖွင့်ပေးခြင်း၊ Meida နှင့်တွဲဆက် အခြား E business ပေါင်းစပ်လာခြင်း၊ User Log in အကောင့် အခမဲ့မှ ဝင်ကြေး သတ်မှတ်ခြင်း၊ Facebook ကဲ့သို့ social network များဖြင့် တွဲဆက်ခြင်း အစရှိသဖြင့် ပြောမကုန်အောင် များပြားတဲ့ ခေါင်းစဉ်တွေ ရှိပါတယ်။ သို့ပေမယ့် အထက်ပါအချက်များကို သိပြီဆိုရင်တော့ စလို့ရပါပြီ။ နောက်တော့မှ လုပ်ရင်းနဲ့ လေ့လာသွားလို့အဆင်ပြေပါတယ်။ တစ်ယောက်တည်း လုပ်နိုင်လည်းလုပ်ပါ။ အဖွဲ့လိုက်လိုက်ဖို့ ငွေအရင်း အနှီးရှိတယ်ဆိုလည်း လုပ်ပါ။ အဓိက ကတော့ ကိုယ့်ခံယူချက်နဲ့ပဲ ဆိုင်တာပါ။ အွန်လိုင်း မီဒီယာ ဆိုဒ် တစ်ခုထောင်ဖို့အတွက် အခက်အခဲဖြစ်နေတယ်။ သို့မဟုတ် အကြံဥာဏ်လိုချင်တယ်ဆိုရင် Techspace Journal Facebook Page သို့မဟုတ် aungkhamkyaw@gmail.com ကို ဆက်သွယ်လို့ မေးမြန်းနိုင်ပါတယ်။ တိုင်းပြည်အတွက် လိုအပ်နေတဲ့ ကဏ္ဍမျိုး ကိုယ်ကျိုး မဖက်ပဲ တတ်နိုင်သလောက် ကူညီ အကြံပေးပါ့မယ်။ အွန်လိုင်း မီဒီယာ ကောင်းများ ဖန်တီး နိုင်ကြပါစေ။ 
.
အောင်ခမ်း (TSJ team)

ကိုလတ်(ကျွဲဆင်း)

0 comments:

Post a Comment