Pages

Translate

Friday, February 21, 2014

မလေးရှားနိုင်ငံသို့ သွားရောက်မည့် မြန်မာအလုပ်သမားများအား ဆင်းကတ်များ အခမဲ့ထုတ်ပေးမည်

 
ရန်ကုန် ဖေဖော်ဝါရီ ၁၉

မလေးရှားနိုင်ငံသို့သွားရောက်မည့် မြန်မာပြည်သူများအတွက်မလေးရှား နိုင်ငံသုံး ဆင်းကတ်များကို လာမည့် မတ် ၁ ရက်မှစတင်ကာ အခမဲ့ပေးအပ် သွားမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် မလေးရှားနိုင်ငံရှိ Tone Plus ကုမ္ပဏီတို့၏ ဆင်းကတ်ပေးအပ်ရန် နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲ အခမ်းအနားမှ သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှု ဖူလုံရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော ပင်လုံသင်တန်းကျောင်းတွင် ရုံးခန်းဖွင့်လှစ်ကာ မလေးရှားနိုင်ငံသို့ သွားရောက်မည့် မည်သူ့ကိုမဆို အခမဲ့ ဆင်းကတ်ထုတ်ပေးသွားမည်ဟ Tone Plus ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Tone Plus ငွေဖြည့်ကတ်ကို တစ်ရက်လျှင် မလေးရှားရင်းဂစ်တစ်ရင်းဂစ်၊ တစ်လ ၃၀ ရင်းဂစ်နှုန်းဖြင့် ပုံမှန်သုံးစွဲရမည်ဖြစ်ပြီး ငွေဖြည့် ကတ်သုံးစွဲမှုအပေါ်မူတည်၍ အသက် အာမခံကြေး၊ လေယာဉ်လက်မှတ်၊ ဟိုတယ်အခန်းခ Discount များ ပါဝင်မည်ဖြစ်သည်။ မလေးရှားနိုင်ငံ ၏ယခုလက်ရှိခေါ်ဆိုခများထက် ဈေးနှုန်း လျှော့ထားပြီး မည်သည့် ဟန်းဆက်နှင့်မဆို တွဲ၍သုံးစွဲနိုင်သည်ဟု သိရသည်။

“နိုင်ငံခြားရောက်ရင် ကိုယ့်မိသားစုကိုဆက်သွယ်ဖို့ ဖုန်းကမဖြစ်မနေသုံးစွဲ ရမှာပါ၊ အလုပ်သမားတွေအတွက် အသက်အာမခံတွေ၊ Discount တွေ စတဲ့ ခံစားခွင့်တွေပါဝင်တဲ့အတွက် အကျိုးရှိတဲ့ အစီအစဉ်ဖြစ်မှာပါ” ဟု မြန်မာပြည်ပအလုပ်အကိုင်အေဂျင်စီ အသင်းချုပ် ဥက္ကဋ္ဌ ဦးမင်းလှိုင်က ပြောကြားသည်။

အဆိုပါ မလေးရှားဆင်းကတ် အခမဲ့ပေးအပ်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ထရိတ်ဒါးဟိုတယ်၌ ယနေ့တွင်ကျင်းပခဲ့ပြီး အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် တက်ရောက်ခဲ့ကာ မြန်မာပြည်ပ အလုပ်အကိုင်အေဂျင်စီ အသင်းချုပ်ဥက္ကဋ္ဌနှင့် Tone Plus ကုမ္ပဏီမှ Executive Chair Man တို့က နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးခဲ့ကြသည်။

 
MOI Webportal Myanmar

0 comments:

Post a Comment