Pages

Translate

Tuesday, December 31, 2013

၂၀၁၃ ခုနှစ် ပြည်တွင်းမိုဘိုင်းဖုန်း ဈေးကွက်တွင် Huawei တံဆိပ် လူသုံးအများဆုံးအဖြစ် ဆက်လက်တည်ရှိ


ပြည်တွင်း မိုဘိုင်းဖုန်းဈေးကွက်၌ ၂၀၁၃ ခုနှစ် တစ်နှစ်လုံး၏ အရောင်းရဆုံး ဟန်းဆက်များမှာ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် အမှတ်တံဆိပ်များဖြစ်ပြီး ယင်းတို့ထဲတွင် Huawei အမှတ်တံဆိပ် ဟန်းဆက်များက အရောင်းရဆုံး ဖြစ်ကြောင်း ရန်ကုန်၊ မန္တလေးမြို့များရှိ မိုဘိုင်းဖုန်း ရောင်းချခြင်းနှင့် ဝန်ဆောင်မှုပေးသော လုပ်ငန်းများထံမှ စုံစမ်းသိရသည်။
 
 ရန်ကုန်၊ မန္တလေး၊ တောင်ကြီး အစရှိသည့် မြို့များ၏ မိုဘိုင်းဖုန်း ဈေးကွက်တွင် တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် Huawei အပြင် ZTE အမှတ်တံဆိပ် မိုဘိုင်းဖုန်းများက ယခုနှစ်၏ လူသုံးအများဆုံး ဟန်းဆက်များအဖြစ် ဈေးကွက်အတွင်း ယမန်နှစ်ကအတိုင်း ဆက်လက်ရပ်တည်နေခြင်း ဖြစ်သည်ဟု အထက်ပါလုပ်ငန်း လုပ်ကိုင်နေသူများက တညီတညွတ်တည်း ပြောသည်။ 
 
တရုတ်(တိုင်ပေ)မှ တင်သွင်းသည့် HTC အမှတ်တံဆိပ် ဖုန်းအိမ်များမှာမူ Huawei နှင့် ZTE တံဆိပ်များလောက် အရောင်းမသွက်သော်လည်း အရည်အသွေးပိုင်းနှင့် ဈေးနှုန်းပိုင်းတွင်မူ အဆိုပါအမှတ်တံဆိပ် ဟန်းဆက်များထက် သာလွန်မှုရှိသဖြင့် တတိယနေရာမှ လိုက်နေသည်ဟု ရန်ကုန်အခြေစိုက် မိုဘိုင်းဖုန်းဆိုင် အချို့က သုံးသပ်ပြောကြားသည်။ 
 
ထုတ်လုပ်မှု အရည်အသွေးပိုင်းတွင် အားနည်းချက်များ ရှိနေသော်လည်း အခြေခံလူတန်းစား အများစုတတ်နိုင်သည့် နှုန်းထားများဖြစ်နေခြင်းကြောင့် Huawei နှင့် ZTE တံဆိပ်များကိုသာ အများဆုံး ရွေးချယ်ရခြင်းဖြစ်ကြောင်း သုံးစွဲသူများက ပြောသည်။ Huawei ကုမ္ပဏီသည် ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့များတွင် ၄င်းတို့၏ သီးသန့်ဝန်ဆောင်မှု စင်တာများကို ဖွင့်လှစ်ခဲ့ပြီး ပြည်တွင်းဈေးကွက်တွင် ထိုအမှတ်တံဆိပ် ဟန်းဆက်များကို ပိုမိုချဲ့ထွင်ရန် ကြိုးစားနေသည်ဟု သိရသည်။
 
 မိုဘိုင်းဖုန်း သုံးစွဲမှု မြင့်တက်လာသော်လည်း အခြေခံလူတန်းစားများ၏ အရေအတွက်က ပိုမိုများပြားနေသောကြောင့် ဈေးနှုန်းသက်သာသည့် တရုတ်ထုတ် ဟန်းဆက်များကို လူသုံးများရခြင်း ဖြစ်သည်။ ထို့ကြောင့် Huawei ကဲ့သို့သော တရုတ်မိုဘိုင်းဖုန်း ကုမ္ပဏီက မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်း ဈေးကွက်ကို အများဆုံး ရယူနိုင်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း မိုဘိုင်းဖုန်းလုပ်ငန်းရှင် တချို့က သုံးသပ်ကြသည်ဟု ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
 
khit lu nge
 
Ref: http://www.myanmarcnn.com

0 comments:

Post a Comment